စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ကြံ့ခိုင်ရေးပါတီက UEC ကို တိုင်ကြားထားသည့် အမှုပေါင်း ၅၅၀ ကျော်ရှိဟုဆို
14-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၁၄
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ UEC ကို တိုင်ကြားသည့်အမှုပေါင်း ၅၅၀ ကျော်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဒုက္ကဋ္ဌ ဦးခင်ရီက ပါတီ၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားသည်။
"ဒီနေ့အထိ ရဲစခန်းကို တိုင်ထားတဲ့အမှုက မတရားပြုကျင့်မှုပေါ့နော် ၈၀ ကျော်ရှိပါတယ်၊ UEC ကို တိုင်ထားတာက ၅၅၀ ကျော်လောက်ရှိတယ်၊ ဒါဆက်ပြီးတော့လုပ်နေတုန်း မပြီးသေးဘူး၊ ပြီးအောင်လည်း စစ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့မှာ အဓိကကျတဲ့ စာရွက်စာတမ်းတွေတောင်းလို့ မရသေးဘူး၊ ဒီမတရားပြုကျင့်မှုတွေ၊ မမှန်မကန်လုပ်ရပ်တွေ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီးတော့ မဲဆွယ်တဲ့ကိစ္စတွေ၊ ဒါတွေကို မကျေနပ်လို့ ဆန့်ကျင်ပြောကြားနေရတာပါ၊ ဒီမိုကရေစီမဆန်လို့ ဆန့်ကျင်ပြောကြားနေရတာပါ" ဟု ၎င်းကဆိုသည်။
အထွေထွေရွေးကောက်ပွဲတွင် သေဆုံးပြီးသူများမဲပေးသည်ကို တွေ့ရှိရကြောင်း၊ ၂ ကြိမ်မဲပေးခြင်းမျိုးလည်းရှိကြောင်း၊ မဲရုံပိတ်ခါနီး အုပ်စုလိုက်မဲရုံ အတွင်း ဝင်ရောက်သည်ကို စစ်ဆေးနိုင်ခြင်းမရှိကြောင်း၊ အသက်မပြည့်သူများ ထောင်ဂဏန်းပါရှိနေကြောင်း၊ မြေပြင်တွင် အမှန်တကယ်ဆင်းကြည့်ပါက သိနိုင်ကြောင်း၊ ယင်းအားနည်းချက်များကို မိမိတို့ပါတီအနေဖြင့် ဥပဒေလမ်းကြောင်းအတိုင်း တိုင်ကြားထားသည်ကို စစ်ဆေးနိုင်ခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သူ့ကို အားကိုးရမှန်းမသိဖြစ်နေကြောင်း အဆိုပါပြောကြားချက်တွင်ပါရှိသည်။
"ဘယ်သူ့ကို အားကိုးရမလဲ၊ ကျွန်တော်တို့ UEC ကိုအားကိုးရမလား၊ မြို့နယ်မရရင်၊ ခရိုင်အားကိုးရမလား၊ ခရိုင်မရရင် တိုင်းအားကိုးရမလား၊ မရရင် နိုင်ငံတော်ကိုအားကိုးရမလား၊ ကျွန်တော်တို့နိုင်ငံရေးပါတီတွေမှာ အားကိုးရာမဲ့သလို ဖြစ်နေတယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် စာရင်းဇယားမှန်ကန်ဖို့လိုတယ်၊ ဘယ်သူ့ကို အားကိုးရမှန်းမသိဘူးဖြစ်နေတယ်၊ ဒါကနေ့လက်တွေ့ တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်" ဟု ဦးခင်ရီက ပြောကြားထားသည်။
မဲဆွယ်စည်းရုံးခွင့်ကာလရက်ပေါင်း ၆၀ တွင် ၅၉ ရက်လုံးလုံးမိမိတို့ပါတီဝင်မှလွဲ၍ မည်သူနှင့်မျှ တွေ့ခွင့်မရကြောင်း၊ ရရှိခဲ့သည့်တစ်ရက်မှာလည်း ပန်းဖလက်ဝေရန် ခွင့်တောင်းပြီး ပြုလုပ်ခဲ့ရာနေ့တစ်ဝက်သာ ပြုလုပ်ခွင့်ရ ပြီးနောက်ရက်များတွင် ပိတ်ပင်ခံလိုက်ရကြောင်း၊ သက်ဆိုင်ရာသို့ တင်ပြသော်လည်း ဆောင်ရွက်ခွင့်မရသဖြင့် ဒီအတိုင်းသာနေခဲ့ရကြောင်း၊ သို့သော်လည်း နိုင်ငံတော်အဆင့် ကျင်းပသည့်ရွေးကောက်ပွဲဖြစ်သဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ ၂၄ ဦး၊ အမျိုးသားလွှတ်တော်၌ ၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၌ ၃၆ ဦး စုစုပေါင်း ၆၆ ဦး အနိုင်ရခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
Source- http://thevoicemyanmar.com/2020-election/44488-yec
Comments
Post a Comment