စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
SpaceXကုမ္ပဏီဟာ လွန်ခဲ့၂ရက်လောက်တုန်းက Starshipအာကာသယာဉ်ရဲ့ ရှေ့ပြေးပုံစံကြမ်းအမှတ်စဉ်-၈(SN8)ကို မြေပြင်ပေါ်မှာပဲ နောက်ဆုံးအနေနဲ့ အင်ဂျင်ဖွင့်စမ်းသပ်ခဲ့ပြီး အင်ဂျင်အားလုံး ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခဲ့တာကြောင့် လာမယ့်အပတ်ထဲမှာ အာကာသယာဉ်ကို လက်တွေ့ ပျံသန်းစေပြီးစမ်းသပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။ ဒီစမ်းသပ်မှုမှာ အာကာသယာဉ်ကို အမြင့်၉မိုင်ကျော်အထိ လွှတ်တင်ကာ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်စေမှာဖြစ်ပါတယ်။
အီလွန်မာ့စ်က ဒီလိုစမ်းသပ်လွှတ်တင်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ကြောင်းကိုလည်း ကတိပြုပြောကြားခဲ့ပြီး ယခုစမ်းသပ်မှုမှာ လွှတ်တင်ဖို့က ဘာမှသိပ်မခက်ပေမယ့် မြေပြင်ပေါ်ကိုပြန်အဆင်းမှာတော့ အကောင်းအတိုင်း အောင်အောင်မြင်မြင်ဆင်းသက်နိုင်ဖို့အခွင့်အလမ်းက ၃ပုံ၁ပုံသာရှိကြောင်ကိုလည်း အီလွန်မာ့စ်ကရှင်းပြခဲ့ပါတယ်။
ဒီလိုပျံသန်းစမ်းသပ်တဲ့ရည်ရွယ်ချက်ကတော့ အဆင်းအင်ဂျင်၃လုံး၊ အာကာသယာဉ်ရဲ့ လမ်းကြောင်းထိန်းကြောင်းတဲ့ တောင်ပံရွက်တွေ၊ လောင်စာပိုက်သွယ်တန်းမှုတွေနဲ့ အဆင်းခြေထောက်တွေကို စမ်းသပ်ဖို့ဖြစ်ကြောင်းနဲ့ အရာအားလုံး မှန်မှန်ကန်ကန်ပြီးမြောက်ရမယ့်ကိစ္စရပ်တွေအများကြီးရှိပြီး တစ်ခုခုချွတ်ချော်ခဲ့ရင် အဆင်းမှာ အနေအထားယိုင်သွားတာမျိုးဖြစ်ကာ ပျက်ကျသွားနိုင်တာကြောင့် အောင်မြင်ဖို့ အခွင့်အလမ်းက ၃ပုံ၁ပုံတည်းပဲရှိတာဖြစ်တယ်လို့လည်း အီလွန်မာ့စ်က ရှင်းပြပါတယ်။
သူ့အရှေ့မှာတုန်းက ရိုးရိုးရှင်းရှင်း ဒေါင်လိုက်ဆင်းသက်တဲ့ Falconဒုံးပျံတွေတောင် အဆင်းမှာ အကြိမ်ကြိမ်ပျက်ကျပြီးမှသာ အောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ယခုစမ်းသပ်မယ့််် Starship SN8 ဆိုတာကတော့ Starshipအာကာသယာဉ်အတွက် ၈ခုမြောက် စမ်းသပ်ပုံစံကြမ်း(prototype)ဖြစ်ပြီးတော့ သူ့အရင်ကစမ်းသပ်ခဲ့တဲ့ ပုံစံကြမ်းတွေကိုတော့ မီတာ၁၅၀အထိပျံတက်စေပြီး အောင်အောင်မြင်မြင် ဆင်းသက်စေနိုင်ခဲ့ဖူးပါတယ်။
Starshipအာကာသယာဉ်ဆိုတာကတော့ ပြန်လည်အသုံးပြုလို့ရတဲ့ အာကာသယာဉ်အမျိုးအစားတစ်ခုဖြစ်ပြီး လအပါအဝင် တခြားဂြိုဟ်တွေဆီကို လူသားတွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးနိုင်ဖို့အသုံးပြုမယ့် အာကာသယာဉ်တစ်စင်းဖြစ်ပါတာ်။ ဒီအာကာသယာဉ်မှာ လူချည်းသတ်သတ်ဆိုရင် လူ၁ထောင်လောက်အထိ အများဆုံးဝင်ဆံ့မှာဖြစ်တာကြောင့် ကမ္ဘာပေါ်မျာရှိခဲ့ဖူးသမျှ အာကာသယာဉ်တိုင်းထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေမှာဖြစ်ပြီး Starshipအာကာသယာဉ်နဲ့ ပေါင်းစပ်အသုံးပြုရမယ့် "Super Heavy"booster ဒုံးပျံဟာလည်း ကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတဲ့ ဘယ်ဒုံးပျံတိုင်းထက်မဆို စွမ်းအားပိုပြင်းမှာဖြစ်ပါတယ်။
ဒီသတင်းကိုတော့ independent.com မှာ မနေ့ညကဖော်ပြထားတာဖြစ်ပါတယ်။
ယခုစမ်းသပ်တေု့မယ့် အဆိုပါ Starshipရဲ့ နမူနာပုံကြမ်းSN8ရဲ့ ကိုယ်ထည်ကိုတော့ "304L"လို့ခေါ်တဲ့ သံမဏိသတ္တုစပ်(stainless steel)နဲ့ ပြုလုပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ယခုနှစ်ရဲ့ အစောပိုင်းမှာတော့ SpaceXဟာ နမူနာပုံစံကြမ်းတွေဖြစ်တဲ့ SN5နဲ့ SN6တို့ကို အမြင့်၁၅၀မီတာလောက်အထိ ပျံသန်းစေကာ ပြန်လည်ဆင်းသက်နိုင်စေခဲ့ပြီး SN7ရဲ့ လောင်စာတိုင်ကီကတော့ ဖိအားစမ်းသပ်စဉ်မှာတင် ပေါက်ကွဲထွက်သွားခဲ့ပါတယ်။ အခုထပ်မံစမ်းသပ်မယ့် နမူနာပုံကြမ်းနောက်တစ်ခုဖြစ်တဲ့ SN8မှာတော့ သူ့ရှေ့က ပုံကြမ်းတွေမှာ မပါဝင်ခဲ့သေးတဲ့ ထိပ်ဖူးနဲ့၊ တခြားအစိတ်အပိုင်းတစ်ချို့ပါဝင်လာပြီး အပေည်မှာတုန်းကပြောခဲ့သလိုပဲ အမြင့်၁၅ကီလိုမီတာ(၉မိုင်ကျော်)အထိ စမ်းသပ်ပျံသန်းစေမှာဖြစ်ပါတယ်။
SN8ကို စမ်းသပ်ပျံသန်းဖို့အတွက် ၂၂၀၀ကီလိုနယူတန်လောက်ရှိတဲ့တွန်းကန်အားကို ထုတ်ပေးနိုင်တဲ့ မီးသိန်းလောင်စာသုံး Raptorအင်ဂျင်တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ Raptorအင်ဂျင်တွေကိုလည်း အချောသတ်တည်ဆောက်ပြီးစီးခြင်းတော့မရှိသေးပဲ စမ်းသပ်တည်ဆောက်နေဆဲကာလမှာသာရှိသေးပေမယ့်လည်း လုံးဝစမ်းသပ်အောင်မြင်နေပြီလို့ပြောလို့ရပြီးတော့ cryogenicလောင်စာတွေဖြစ်တဲ့ မီသိန်းနဲ့ အောက်ဆီဂျင်အရည် (METHALOX)ကို အသုံးပြုသွားမှာဖြစ်ပါတယ်။
အခုလိုမျိုး Starshipအာကသယာဉ်ရဲ့ လောင်စာအတွက် မီးသိန်းနဲ့အောက်ဆီဂျင်တို့ကို အသုံးပြုရတဲ့အကြောင်းအရင်းကတော့ ဒီလောင်စာတွေကို မားဂြိုဟ်ပေါ်ကနေ ရရှိနိုင်တာကြောင့်ဖြစ်ပြီး အခြားအကြောင်းအရင်းပေါင်းများစွာလည်းပါဝင်ပါတယ်။ အမှန်တကယ်အသုံးပြုမယ့် Starshipအာကာသယာဉ်မှာလည်း စုစုပေါင်းတွန်းကန်အား ၆၆၀၀ကီလိုနယူတန်လောက်ရရှိဖို့အတွက် Raptorအင်ဂျင် ၃လုံးပဲတပ်ဆင်ဖို့သွားဖို့ မျှော်လင့်ရပါတယ်။ SpaceXကုမ္ပဏီဟာ Starshipအာကာသယာဉ်ကို ကမ္ဘာမြေပြင်ပေါ်ကနေ အာကာသထဲအထိပို့ဆောင်ပေးနိုင်မယ့် "Super Heavy" လို့ခေါ်တဲ့ ဒုံးပျံကြီးကိုလည်း တည်ဆောက်နေသေးပြီး ဒီဒုံးပျံကြီးမှာဆိုရင်တော့ Raptorအင်ဂျင် ၂၈လုံးတောင် တပ်ဆင်အသုံးပြုမှာဖြစ်ပါတယ်။
စမ်းသပ်ပျံသန်းမယ့်အချိန်မှာတော့ SN8ဟာ ၁၅ကီလိုမီတာအမြင့်ထိထောင်တက်သွားပြီးမှ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်မှာဖြစ်ပါတယ်။ ဒီလို ပြန်လည်ဆင်းသက်တဲ့အချိန်မှာတော့ SN8ဟာ ဝမ်းဗိုက်နဲ့ဒိုက်ဗင်ထိုးပြီးဆင်းသက်တဲ့ Belly-Flop Manoeuvre ဆိုတဲ့ ဆင်းသက်နည်းတစ်မျိုးကို အာကာသပျံသန်းမှုသမိုင်းကြောင်းမှာ ပထမဆုံးအကြိမ်အသုံးပြုမှာဖြစ်တာကြောင့် SN8ရဲ့ဆင်းသက်မှုဟာ အောင်မြင်ခဲ့မယ်ဆိုရင်တော့အာကာသပျံသန်းမှုသမိုင်းကြောင်းမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်မှာလည်းဖြစ်ပါတယ်။
အခုလိုမျိုး လေထုထဲကို ဝမ်းဗိုက်နဲ့ကန့်လန့်အနေအထားပြုတ်ကျစေခြင်းကြောင့် လေခုခံအားက အလိုအလျောက်အရှိန်လျော့ချပေးသွားမှာဖြစ်ပြီး အရှိန်လျော့ချဖို့အတွက် လောင်စာအသုံးပြုရမှုကိုလည်း ပိုပြီးလျော့နည်းစေမှာဖြစ်ပါတယ်။ (လက်ရှိမှာ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်နိုင်တဲ့ Falconဒုံးပျံတွေဟာဆိုရင် သူမြေပြင်ပေါ်ကျဆင်းတဲ့ လမ်းကြောင်းတစ်လျှောက်လုံး အင်ဂျင်ဖွင့်လာရတာကြောင့် လောင်စာလည်း တော်တော်လေးကုန်ပါတယ်)။
ဒီတော့ SN8ဟာပြန်လည်ဆင်းသက်စဥ်မှာ အရင်ဆုံးအနေနဲ့ သူ့ရဲ့ဆင်းသက်ဖို့သတ်မှတ်ထားတဲ့နေရာဆီကို ကန့်လန့်ဖြတ်အနေအထားနဲ့ လွတ်လွတ်လပ်လပ်ဒိုင်ဗင်ထိုးဆင်းပြီး ပြုတ်ကျလာမှာဖြစ်ပါတယ်။ SN8ပြန်လည်ဆင်းသက်လာစဥ်တစ်လျှောက်လုံးနီးပါးမှာ သူ့ရဲ့အင်ဂျင်တွေကို လုံးဝပိတ်ထားမှာဖြစ်ပြီး ဒီဆင်းသက်မှုကို သူ့ရဲ့ရှေ့နောက် ဘေးမှာတပ်ဆင်ထားတဲ့ လေဘရိတ် ပဲ့ထိန်းအရွက်တွေကိုအသုံးပြုပြီး သူ့ရဲ့လမ်းကြောင်းအနေအထားနဲ့ ယာဉ်ရဲ့တိမ်းစောင်းမှုအနေအထားတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။
(ဥပမာပြောရရင် ယာဉ်ကိုခေါင်းမော့စေချင်တယ်ဆိုရင် နောက်ဘက်ခြမ်းက ပဲ့ထိန်းအရွက်နှစ်ခုကို ကိုယ်ထည်နဲ့ ကပ်လိုက်ရမှာဖြစ်ပြီး ခေါင်းကိုအောက်စိုက်ချင်တယ်ဆိုရင်တော့ နောက်ဘက်က ပဲ့ထိန်းရွက်တွေကို ဘေးကိုဖြန့်ထုတ်ကာ ရှေ့ဘက်ကပဲ့ထိန်းရွက်တွေကို ကိုယ်ထည်နဲ့ကပ်လိုက်ရမှာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ အခြားပုံစံအမျိုးမျိုးကိုလည်း ဒီပဲ့ထိန်းရွက်တွေကိုပဲအသုံးပြုပြီး လုပ်ယူလို့ရပါတယ်)။ အဆိုပါ လေဘရိတ်ပဲ့ထိန်းရွက်တွေကို လေယာဉ်ပျံတွေက elevatorတွေမှာလို့ ဟိုက်ဒရောလစ်စနစ်နဲ့ ထိန်းချုပ်လှုပ်ရှားစေမှာမဟုတ်ပဲ လျှပ်စစ်မော်တာတွေနဲ့ တိုက်ရိုက်ထိန်းချုပ်မယ့် ဆန်းသစ်တဲ့ "Closed-Loop Control System"ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီ့နောက် မြေပြင်ပေါ်ကို ဆင်းသက်ဖို့နီးကပ်လာချိန်မှာတော့ အခုဏကပြောတဲ့ ပဲ့ထိန်းရွက်တွေကို အသုံးပြုကာ ယာဉ်ကိုဒေါင်လိုက်အနေအထားပြောင်းပြီး Raptorအင်ဂျင်တွေကို တစ်ဖန်ပြန်ဖွင့်ရမှာဖြစ်ပါတယ်။ SN8ရဲ့အရွယ်အစား(အလျား-၁၆၄ပေ၊ အကျယ်-၂၉ပေ)ဟာ တော်တော့်ကိုကြီးမားလွန်းနေတာကြောင့် အခုလိုမျိုး ယာဉ်ရဲ့အနေအထားပြောင်းလဲခြင်းနဲ့ အင်ဂျင်တစ်ဖန်ပြန်ဖွင့်ခြင်းတွေကို 60m/sလောက်အလျင်နဲ့ ပြုတ်ကျနေစဥ်မှာပြုလုပ်ရခြင်းဟာ တော်တော်လေးရှုပ်ထွေးတဲ့ကိစ္စလည်းဖြစ်ပြီး အလျားလိုက်ကျလာရာကနေ ဒေါင်လိုက်အနေအထားပြောင်းစဉ်မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ချိန်သီးလိုမျိုး ယမ်းခါထွက်သွားတာမျိုးနဲ့ကြုံရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ယာဉ်ကို အတတ်နိုင်ဆုံးတည်ငြိမ်နေစေဖို့အတွက် တည်ဆောက်တဲ့အက်ဂျင်နီယာတွေက အောက်ဆီဂျင်ကန်ကို ယာဉ်ရဲ့ထိပ်ဖူးထဲမှာထည့်သွင်းခဲ့ပါတယ်။
ဒီစမ်းသပ်မှုသာအောင်မြင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့မြင်တွေ့ချင်လှတဲ့ လူ၁၀၀ကျော်ပတ်ဝန်းကျင်လောက် ဝင်ဆန့်မယ့် ကမ္ဘာ့အကြီးဆုံးအာကာသယာဉ်ကြီးကို ၂နှစ်လောက်အတွင်း အချောသတ်တည်ဆောက်ပြီးစီးတာကို မြင်တွေ့ရဖို့ရှိနေပါတယ်။ အဆိုပါ Starshipအာကာသယာဉ်ကိုတော့ လကမ္ဘာနဲ့ အခြားသောဂြိုဟ်တွေပေါ်ကို လူ၁၀၀လောက်နဲ့ ကုန်ပစ္စည်းတွေတင်ဆောင်ပြီးသွားရောက်ဖို့အတွက်သာမကပဲ ကမ္ဘာပေါ်ကတစ်နေရာနဲ့တစ်နေရာကိုလည်း ဘယ်နေရာကိုမဆို ၁နာရီအတွင်း လူ၁ထောင်လောက်တင်ဆောင်ပြီးအရောက်ပို့ပေးနိုင်မယ့် လေကြောင်းလိုင်းတစ်ခုသဖွယ်ပြေးဆွဲဖို့အထိ ရည်ရွယ်ပြီး တည်ဆောက်နေတာလည်းဖြစ်ပါတယ်။ အထူးသဖြင့်ကမ္ဘာ့တောင်ခြမ်းကနေမြောက်ခြမ်းသွားတာမျိုး အရှေ့ခြမ်းကနေ အနောက်ခြမ်းကိုသွားတာမျိုးတွေမှာ ပုံမှန်အားဖြင့် နာရီပေါင်းမြောက်များစွာ လေယာဉ်စီးရမယ့်အစား အခုလိုမျိုး ဒုံးပျံတစ်စင်းထဲဝင်ထိုင်ပြီး ၁နာရီအတွင်း ဘယ်နေရာမဆိုအရောက်သွားနိုင်မှာက တော်တော်လေးမိုက်ပါတယ်။
တကယ်လို့သာ အီလွန်မာ့စ်ရဲ့ စီမံကိန်းတွေအကုန်အောင်မြင်ခဲ့မယ်ဆိုရင် နာဆာရဲ့ အာကာသယာဥ်မှူးတွေ လပေါ်ကို နောက်တစ်ကြိမ်ပြန်လည်ဆင်းသက်မယ့် Artemisမစ်ရှင်နဲ့ တစ်နှစ်တည်းမှာ SpaceXရဲ့ Starshipအာကာသယာဉ်လည်း အင်္ဂါဂြိုလ်ပေါ် ဆင်းသက်တော့မှာဖြစ်ပါတယ်။ Starshipအာကာသယာဉ်နဲ့ အလယ်အပတ်သွားရောက်ချင်သူတွေကို လပတ်လမ်းထဲအထိပို့ဆောင်ပေးမယ့် အစီအစဥ်ကိုလည်း ၂၀၂၃ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဖို့စီစဉ်လျက်ရှိပါတယ်။ ဒီ့နောက် Artemisမစ်ရှင်မှာ လပေါ်ကိုဆင်းသက်မယ့် လဆင်းယာဥ် ၃စင်းကိုလက်ရှိမှာရွေးချယ်ထားပြီး SpaceXရဲ့ Starshipကိုလည်း လဆင်းယာဉ်အဖြစ်အသုံးပြုသွားဖွယ်ရှိနေပါတယ်။
အီလွန်မာ့စ်ဟာ Starshipအာကာသယာဥ်စိတ်ကူးကို ၂၀၁၆ခုနှစ်မှာ စတင်ကြေညာခဲ့တာဖြစ်ပြီး Starshipအာကာသယာဥ်ကို "Super Heavy" booster ဒုံးပျံနဲ့ ကမ္ဘာပေါ်ကနေလွှတ်တင်ကာ လအပါအဝင်၊ အင်္ဂါဂြိုလ်နဲ့ တခြားဂြိလ်တွေပေါ်အထိပါ စေလွှတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုလောလောဆယ်မှာတော့ SpaceXဟာ SN8လို့ခေါ်တဲ့ ပုံစံကြမ်းတစ်ခုကို ၂၀ကီလိုမီတာ(၁၂မိုင်)အမြင့်အထိ စမ်းသပ်ပျံသန်းဖို့ ပြင်ဆင်လျက်ရှိနေကြပါတယ်။
SpaceXဟာ Starshipအာကာသယာဉ်ကို ဗားရှင်းအမျိုးမျိုးနဲ့တည်ဆောက်ဖို့ရည်ရွယ်နေပြီးအနည်းဆုံး ဗားရှင်း ခုလောက်ရှိမှာဖြစ်ပါတယ်။ ပထမဆုံးကတော့ အင်္ဂါဂြိုဟ်နဲ့ကမ္ဘာနဲ့ အသွားအပြန်လုပ်နိုင်မယ့် ဗားရှင်းတစ်မျိုးပါ။ နောက်တစ်ခုကတော့ လမျက်နှာပြင်ပေါ်ဆင်းသက်နိုင်စေဖို့ အထူးပြုလုပ်မယ့် Lunar Version ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကုန်တင်ဗားရှင်း(Cargo Version)ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကမ္ဘာပတ်လမ်းထဲကို အလည်အပတ်သွားမယ့် Crew Version ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဂြိုဝ်တုတွေ၊ အာကာသယာဉ်တွေကို ထည့်သွင်းလွှတ်တင်ပေးမယ့် Deep Space Version ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကမ္ဘာပေါ်မှာတင် လေကြောင်းလိုင်းအဖြစ်ပြေးဆွဲမယ့် Point to Point Version ဖြစ်ပါတယ်။
____________________________
#MyanmarSciencePlatform
Comments
Post a Comment