စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ကျွန်တော်နေတဲ့ ဇီဝိတကွာရန်တင်းစင်တာထဲမှာ ကိုလူဆိုးဆိုတဲ့ လူဟာ နာမည်နဲ့လိုက်အောင် ရုပ်က မာဖီးယားဂိုဏ်းချုပ်လိုလို၊ အမှတ်တမဲ့ဆို မျက်နှာကြောတင်းကြီးနဲ့။ ဆံပင်ကလည်း နီဂရိုးမ ခေါင်းကို အကြေကောက် ကောက်ပေးထားတဲ့အတိုင်း ဖွာဆံကျဲကာ အရှည်ကြီးဖြစ်တဲ့အပြင်၊ သူ့တစ်ကိုယ်လုံး တက်တူးတွေဆိုတာလည်း ဝပ်ရှော့လက်သင်လေး အင်ဂျင်ဝိုင်တွေ ပေနေတာကျလို့။
အနှီလူဟာ စိတ်ထားလေးကျ အင်မတန် ပျော့ပျော့ပျောင်းပျောင်း ရှိသဗျ။ အားအားရှိ စင်တာထဲက ခွေးလေ ကြောင်လွင့်တွေကို ခွေးစာ ကြောင်စာတွေ ဝယ်ကျွေးရတာနဲ့၊ သားသမီးတွေ ကိုဗစ်ပိုးတွေ့သွားလို့ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမယ်အိုကြီးကို စင်တာက ပုံမှန်ကျွေးနေကျ အစားအစာတွေနဲ့ အဆင်မပြေလို့ သူ့ဟာသူ သတ်သတ် မှာကျွေးရတာနဲ့။
အောင်မယ်မယ်... သူ့ဟာသူ ဗိုက်ကြီးနေတဲ့ ပိုင်ရှင်မဲ့ ခွေးမကိုတောင်
“သမီးလေး၊ လင်ပစ်မလေး” ဆိုပြီး သူ့မှာ တဖွဖွ။ အလိုဗျာ။ ဘယ်ခွေးထီးက ဘယ်ခွေးမကိုများ သားမှတ်မှတ် မယားမှတ်မှတ် ရိုးမြေကျပေါင်းတာ ခင်ဗျားတို့ တွေ့ဖူးကြသတုန်းဟင်။ ကိုလူဆိုးဟာ အဲဒီလိုလူ။ စိတ်ရင်းဖြူသလို၊ စိတ်တိုကလည်း လွယ်သေးတယ်။
တစ်ရက်တော့ ကျွန်တော်တို့ အခန်းထဲမှာ ထိုင်နေတုန်း အဲဒီလူရောက်လာတယ်။ မျက်နှာက မကောင်းဘူး။ သူ့မျက်နှာက တစ်ခုခု ချက်ချင်းထဖြစ်သွားနိုင်တဲ့ အနေအထား။ ဒီနေရာမှာ ကိုလူဆိုးကို ခဏထားပြီး လင်မယားနှစ်ယောက် အကြောင်းလေး ခဏ ကြားဖြတ်ပြောမှ သင့်မယ်။
လင်ရောမယားပါ ခပ်ငယ်ငယ်တွေပါပဲ။ လူ့သဘာဝ သူတို့ချင်းချစ်လို့ ညားကြတော့ သားလေးတစ်ယောက် ဖွားတယ်။ သားဦးလေးမို့ ချစ်လိုက်ကြတာ တုန်လို့။ ကံဆိုးချင်တော့ ကလေးမှာ အတက်ရောဂါ မွေးရာပါသတဲ့။ တစ်ရက်တော့ ငိုရင်းတက်သွားတဲ့ ကလေးလေးကို ဝိုင်းနှိပ်ပေးကြရင်း ကလေးလေးက ကောင်းမလာ။ ဒီမှာ မန္တလေးဆေးရုံကြီးကို လာကုဖို့ လုပ်ကြတုန်း လမ်းမှာ သူတို့သားလေး ဆုံးရောဆိုပါရဲ့။ ကလေးဟာ ဆေးရုံကြီးထိ အသက်ပါမလာရှာဘူးတဲ့။
သို့သော် ဒီနေရာမှာ ကိုဗစ်မိစ္ဆာလက်ချက် မကင်းဘူးလို့ ဆရာဝန်များက အယူရှိတဲ့အတွက် ရင်ခွဲရုံမှာ လသားလေးအလောင်းကို စစ်ချက်ယူတယ်။ ကိုဗစ်အဖြေ ပေါ့စတစ်။ လင်ရော မယားပါ ကွာရန်တင်းထဲ အပို့ခံရတယ်။ သူတို့ သားဦးလေးအလောင်း သင်္ဂြိုဟ်ခွင့်တောင် မရဘူးတဲ့။
“အဲဒါ သူ့ယောက်ျားက တောင်းပန်နေလို့ ကျွန်တော် သူ့မိန်းမကို သူ့ယောက်ျားနား ရွှေ့ပေးချင်တယ်” တဲ့။ ကိုလူဆိုးက။ စင်တာထဲမှာ မိန်းမနဲ့ ယောက်ျားက သတ်သတ်စီထားတာလေ။ ယောက်ျားဆောင်ထဲ မိန်းမတစ်ယောက်တည်း ရွှေ့ထားလို့ တော်ပါမလား။
“ရတယ်။ သူ့ယောက်ျားက ရတယ်လို့ ပြောတယ်။ ကျွန်တော် ရွှေ့ပေးချင်တယ်။ မိန်းမလုပ်တဲ့သူက ကလေးစိတ်နဲ့ အခုထိ ဘာမှ ကျွေးလို့မရဘူး တဲ့။
ငါ့သားလေးအတွက် ဘာမှ လုပ်မပေးရသေးဘူး။ ငါ့သားလေးအတွက် ဘာမှ လုပ်မပေးရသေးဘူး ဆိုပြီး မိန်းမက အဲဒီတစ်ခွန်းပဲ တွင်တွင်ပြောပြီး ငိုနေတာ။
ကျွန်တော်တို့ကို ဘယ်တော့ လွှတ်ပေးမှာလဲ လို့လည်း ယောက်ျားလုပ်တဲ့ သူက ခဏခဏမေးတယ်။ ရွာအမြန်ပြန်ပြီး သူတို့သားလေးအတွက် ရက်လည်အမှီ ဆွမ်းသွတ်ချင်ကြတယ်။
တော်ကြာ သူ့မိန်းမ ကိုယ့်ကိုယ်ကိုယ် တစ်ခုခု လုပ်သွားမှာလည်း စိုးတယ်လို့ ယောက်ျားက ပူနေတာ။ ကျွန်တော် သူတို့လင်မယားကို အတူတူထားချင်တယ်။ သူ့မိန်းမကို သူ့ယောက်ျားနား ရွှေ့ပေးချင်တယ်။
ဘေးက ကောင်တွေလည်း ကျွန်တော်ပြောပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ကျွန်တော် အဲဒါ လုပ်ပေးချင်တယ်” တဲ့။
ကိုလူဆိုးမျက်နှာက ကျွန်တော်တို့များ ငြင်းရင် တစ်ခုခုဘက်ကို အချိန်မရွေးပြောင်းသွား တော့မလိုလို။ အို... ကိုလူဆိုးရာ ဘာလို့ မဖြစ်ရမှာလဲ။ ရွှေ့ပေးရမှာပေါ့။ ဆိုတော့... ကိုယ့်လူက ကိုယ်တွေကို လှည့်တောင် မကြည့်ဘဲ ထွက်သွားပြီး ပြင်ဆင်ပေးနေတော့တာ။ အခန်းဆီးလေးတွေလည်း ကာပေးသေးတယ်ဆိုရဲ့။ ဒီ ကပ်ဘေးကြီးမှာ သားကောင်ဖြစ်ရရှာတဲ့ လင်ကိုယ်မယားနှစ်ယောက် အားရပါးရ ငိုကြဖို့ပေါ့။ ဒါ သူတတ်နိုင်တာလေးထဲက ကိုလူဆိုး အကောင်းဆုံး လုပ်ပေးနေတာ။
ကျွန်တော်တို့ဟာ နှလုံးသားရှိတဲ့ လူတွေပဲ။ တစ်ခါတလေ မျက်ရည်ဆိုတာ ထင်မထားတဲ့ အခြေအနေတွေကြောင့် ငွေ့ရည်ဖွဲ့လာတတ်တာမျိုး။
ဆိုးရွားလှတဲ့ ကိုဗစ်မိစ္ဆာနှိပ်စက်တာတွေထဲမှာ ကလေးလေးတွေလည်း မြေစာပင် ဖြစ်ရရှာရဲ့။
ဖြစ်ပါ့မလား ဆရာ။ ဒီတစ်ခါ ‘ဆွက်’ ယူရမှာထဲ ၂၄ ရက်သားလေးလည်း ပါသတဲ့။ ဒါက ဒီမနက်မှာ ကြုံခဲ့တဲ့ အကြောင်းအရာ။
ကလေးအဖေနဲ့ အမေဆိုတာ ကိုဗစ်စစ်မယ့် လူအုပ်ကြီးရဲ့ ခပ်ဝေးဝေးမှာ အနှီးထုပ်အဖြူလေး ပိုက်လို့။ ကျွန်တော့် ညီငယ်၊ နှမငယ် ဆွက်အဖွဲ့တွေလည်း အတော်ပန်းလို့ ဟိုက်ပြီ။ လေးငါးခြောက်နှစ်သား ကလေးလေးတွေဟာ ဗြဲခနဲ့ ဗြဲခနဲ့ ဆောင့်ဆောင့်ငိုကြတာ။ အို... နာမှာလား။ ကလေးအဖေကိုယ်တိုင် ပထမလာပြီး ဆွက်တံအထိုးခံကြည့်တော့ သူ့မျက်နှာ ဘယ်လိုမှ မသာ။
ကျွန်တော် သေချာ သူတို့မိသားစုကို နောက်ဆုံးမှာ ချန်စေပြီး ကလေးလေးကို ယူပေးတော့
“စိတ်မပူပါနဲ့။ စောစောက ကလေးလေးတွေက ရုန်းတတ်တဲ့အရွယ်မို့ သူတို့ရုန်းလေ၊ ဘေးက မဆိုင်တဲ့ နှာနုသားလေးတွေကို ထိမိလေမို့ နာကြတာရယ်၊
ပြီးတော့ ကလေးဆိုတာ သိတတ်တဲ့အရွယ်ဆို စိတ်သဘောအရ ရှေ့တစ်ယောက်က ငိုရင် နောက်ကလေးတွေပါ လိုက်ငိုကြတာမို့ပါ” လို့၊ သူတို့ကို ရှင်းပြရတယ်။
သို့သော် အမေလုပ်သူက ကျွန်တော့်ကို ဂရုမစိုက်၊ သူ့သားလေးကိုသာ ထွေးနေအောင် ပိုက်လို့။ အဖေလုပ်သူက နောက်ကနေ သူတို့သားအမိကို တဖွဖွ တတွတ်တွတ် အားတွေပေးလို့။ ငါ့သားလေးရေ၊ ငါ့သားလေးရေ နဲ့။
ကလေးနှာခေါင်းဝလေးကို အသာအယာ ဂွမ်းတံလေးနဲ့လှည့်ကာ လုံးဝမနာရအောင် သေချာယူပေးပြီးတော့ ဂွမ်းတံကိုထုတ်ရင်း သူတို့ စိတ်သက်ရာရအောင်
“ကလေးက ဘယ်နှလ ရသွားပြီလဲ” လို့ မသိဟန်ဆောင်ကာ မေးတော့၊ လင်မယားနှစ်ယောက် စလုံးက
“ပြီးသွားပြီလား ဆရာ” တဲ့။
ကျွန်တော်က အသာ ခေါင်းညိတ်ပြတော့မှ
“၂၄ ရက်သားလေးပဲ ရှိပါသေးတယ်ဆရာ...” ဆိုပြီး ငိုလိုက်ကြတာ။ ကျွန်တော်ဟာ ၆ နှစ်သမီးလေးရဲ့ ဖခင်၊ မကြာခင် မွေးတော့မယ့် သားလေးတစ်ယောက်ကို မျှော်လင့်ထားသူ။ ဘယ်လောက် ရင့်တဲ့ ဓာတ်ခွဲလုပ်သက်ကမှ ဝေ့တက်လာတဲ့ မျက်ရည်တွေကို မတားထားနိုင်ခဲ့ဘူး။ ကျွန်တော့်ရင်ထဲမှာ ငိုရင်း ဘာကိုမှန်းမသိ စိတ်တွေတိုတယ်။
ကိုဗစ်ဆိုတာ ကြောက်စရာ မဟုတ်ဘူးလို့ တချို့ပြောတယ်။ ကိုဗစ်ချည်း သက်သက်ဆိုရင်တော့ ကျွန်တော်လည်း ကြောက်မလား၊ မကြောက်မလား ကျွန်တော်မပြောတတ်ဘူး။ ကိုဗစ်က ဖြစ်စေတဲ့ အခြေအနေတွေကတော့ သွေးပျက်ဖို့ ကောင်းတယ်။ ကိုဗစ်ဟာ ကိုယ်ဖြစ်ကိုယ်ခံ ရောဂါမဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်ဟာ အတ္တစိတ်တစ်ခုခုနဲ့ ကိုဗစ်ကို ပေါ့ဆမယ်ကြံတိုင်း ရင်ကွဲရတဲ့ သားသည်အမေတွေ၊ အရှင်ငရဲကျတဲ့ ကလေးအဖေတွေ၊ ဒုက္ခမျိုးစုံ၊ သောက ပရိဒေဝမီးတွေ လောင်မြိုက်ခံနေရတဲ့ သေကွဲ၊ ရှင်ကွဲ မိသားစုတွေရဲ့ မျက်နှာတွေ မြင်ယောင်ပြီး ဆင်ခြင်ပေးကြစေလိုပါတယ်။
ကျွန်တော် ဒီစာကို ကိုဗစ်တောထဲက ရေးလိုက်တာပါ။
အောင်မျိုးသူလွင်�၁၆၊၁၁၊၂၀၂၀
Comments
Post a Comment