စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကိုဗစ်-၁၉ကပ်ရောဂါ၏ စိန်ခေါ်မှုကို မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်နည်း


 ကိုဗစ်-၁၉ကပ်ရောဂါ၏ စိန်ခေါ်မှုကို 

မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်နည်း

==============================

မြေလတ်သား

=============

ကမ္ဘာကြီးတွင် ဒုတိယကမ္ဘာစစ်ပွဲ ကာလအတွင်း ဒုဗ္ဘိက္ခန္တရကပ်နှင့် သတ္တန္တ ရကပ်ကြီးများနှင့်အတူ ကာလဝမ်း ရောဂါ၊ ပုလိပ်ရောဂါ၊ ကျောက်ရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ စသည့် ရောဂန္တရကပ်တို့ဖြင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ဂျပန်ခေတ်က အလားတူကပ်ဆိုးကြီးများဖြင့် ရင်ဆိုင် ခဲ့ရသည်။ သေကျေပျက်စီးမှု အများ အပြား ပေါ်ပေါက်ခဲ့သည်။ ရောဂါတိုက် ဖျက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် အဆိုပါကပ် ရောဂါများမှာ ကမ္ဘာမြေပေါ်မှ ကွယ် ပျောက်သလောက် အနေအထားသို့ ရောက်ရှိခဲ့သည်။ လူသားများရှိနေသည် နှင့်အမျှ ရောဂါများမှာ ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာမည်ဖြစ်ရာ ကမ္ဘာကြီးတွင် သွေးလွန်တုပ်ကွေးနှင့် ကြက်၊ ငှက်တုပ် ကွေးအပါအဝင် ရောဂါအမျိုးမျိုးတို့ ပေါ် ပေါက်ခဲ့သည်။ ယခုနောက်ဆုံးဖြစ်ပေါ် လာသည့် အသက်ရှူလမ်းကြောင်းဆိုင် ရာပြင်းထန်အဆုတ်ရောင်ရောဂါ ကိုဗစ်- ၁၉မှာ ကမ္ဘာ့လူသားများအား အကြီး အကျယ် အန္တရာယ်ပြု ခြိမ်းခြောက်လျက်  ရှိသည့် ကမ္ဘာ့ကပ်ရောဂါအဖြစ် ပေါ် ထွန်းလာသည်။ ''ကုရာနတ္ထိ၊ ဆေးမရှိ'' ဟူသော ခုခံအားကျဆင်းသည့်ရောဂါ AIDS  ကိုပင် ကျော်လွှားအနိုင်ယူခဲ့ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလ အနှောင်းပိုင်းက စတင်ခဲ့ သော ကိုဗစ်-၁၉ သည် ကူးစက်မြန် ရောဂါဖြစ်သည့်အလျောက် ကမ္ဘာ့နိုင်ငံ များစွာသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၇ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၅၅ ဒသမ ၃၃သန်း ကျော်ရှိခဲ့ပြီး သေဆုံးသူ ၃၁သိန်းကျော် အထိ ရှိခဲ့ကြောင်း သိရှိရသည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဟန့်တား တုံ့ပြန်နိုင်ရန် လူစုလူဝေးအခမ်းအနား များ၊ ပွဲလမ်းသဘင်များ ကျင်းပခြင်းကို ရပ်နားထားရန် နိုင်ငံတော်သမ္မတရုံးက ၂ဝ၂ဝပြည့်နှစ် မတ်လ ၁၃ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်၁/၂ဝ၂ဝဖြင့် ထုတ် ပြန်ခဲ့သည်။ ထို့ပြင် ညမထွက်ရ အမိန့် နှင့် ခရီးသွားလာသည့် ကန့်သတ်မိန့် များကို ထုတ်ပြန်ခြင်းများပြုလုပ်ခဲ့သည်။ ထိုကဲ့သို့သော ကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများကျဆင်းပြီး ပြည် သူများအနေဖြင့် စားဝတ်နေရေးဆိုင်ရာ အခက်အခဲများဖြင့် တွေ့ကြုံရင်ဆိုင်ခဲ့ ကြရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါမှာ အစော ပိုင်းကာလ၌ ပြည်ပမှဝင်ရောက်လာသူ များထံမှ အဓိကကူးစက်ခြင်းဖြစ်သည့် အပြင် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်မှု ကြောင့် ရောဂါပြန့်ပွားမှုနှင့် သေဆုံးမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ သည်။ မြန်မာနိုင်ငံသို့ ကိုဗစ်ရောဂါ စတင်ပြန့်ပွားရောက်ရှိလာသည့် မတ်လ မှ သြဂုတ်လအထိ ပိုးတွေ့လူနာ ၃၇၅ဦး နှင့် သေဆုံးသူ ခြောက်ဦးသာရှိခဲ့သည်။ ရောဂါပြန့်ပွားမှုလျော့နည်းလာသည့် အခြေအနေများကြောင့် ညမထွက် ရအချိန်ကန့်သတ်ချက်နှင့် လူစုလူဝေး ပြုလုပ်ခွင့် ကန့်သတ်ချက်များကို အထိုက် အလျောက်ဖြေလျှော့မှုများ ပြုလုပ်ခဲ့ သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့မှုကြောင့် ဘုရား၊ စေတီပုထိုးများ၌ဖူးမြော်ခွင့်များ ကို အချို့ဒေသများ၌ခွင့်ပြုခဲ့ကြသည်။ ထို့ပြင်အခြေခံပညာအထက်တန်းကျောင်း များအား ၂ဝ၂ဝပြည့်နှစ် ဇူလိုင်လ၂၁ရက် နေ့မှစ၍ အဆင့်ဆင့် ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ကမ္ဘာ့ကိုဗစ်ဒုတိယလှိုင်းသည် မြန်မာ နိုင်ငံသို့လည်း ထပ်မံရိုက်ခတ်လာသည်။ မြန်မာနိုင်ငံသည် ''ကိုဗစ်-၁၉''စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် ကမ္ဘာတွင် ကူးစက် ရောဂါ ဒုတိယအမြင့်ဆုံးဖြစ်သည့် အိန္ဒိယ နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည်။ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါဒုတိယလှိုင်း မှာ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အနီးကပ်ဆုံး တည်ရှိသည့် ရခိုင်ပြည်နယ်မှ ပြန်လည် ခေါင်းထောင်လာခြင်းဖြစ်သည်ဟု ဆို သော်လည်း ယခုထပ်မံကူးစက်မှု အများ စုမှာ ပြည်တွင်းကူးစက်မှုက အဓိကကျ ကြောင်းသိရှိရသည်။ ထို့ပြင် ကိုဗစ် ဒုတိယလှိုင်းမှာကူးစက်မှု မြန်သော်လည်း ပြင်းထန်မှု မရှိဟု မူလကပြောဆိုမှုများ ရှိခဲ့သည်။ သို့ရာတွင် ပြန်လည်ခေါင်း ထောင်လာသည့် ကိုဗစ်ရောဂါမှာ ကူး စက်မြန်သကဲ့သို့ သေဆုံးမှုနှုန်း မြင့်မား လာသည်ကို တွေ့ရသည်။ တစ်နေ့ တည်း ကူးစက်သူ ၁၆ဝဝအထိ မြင့်မား လာသည့်အပြင် သြဂုတ်လ၁၆ရက်နေ့ နောက်ပိုင်းရောဂါပြန့်ပွားမှုကြောင့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ၁၇ရက်နေ့ အထိ ပိုး တွေ့လူနာ ၇ဝ၁၆၁ဦးအထိ ရှိခဲ့ပြီး သေဆုံးသူ ၁၅၉၉ဦးအထိရှိခဲ့သည်။ သေ ဆုံးသူများတွင်ရောဂါအခံရှိသူအများအပြား ပါဝင်လျက်ရှိနေသဖြင့် ရောဂါများကို ချိတ်ဆက်ကုသသင့်သည်ဟု အကြံပေး မှုများရှိသည်။ ကိုဗစ်ရောဂါမှာလူငယ် များအတွက် ထိခိုက်မှုနည်းပါးသည်ဟု ဆိုကြသော်လည်း၊ ယခုအခါ ငယ်ရွယ် သူများအတွင်း၌ သေကျေပျက်စီးမှုများ ရှိလာကြောင်း ကြားသိရသည်။

ကိုဗစ်ပထမလှိုင်းကာလက ပြည်ပ မှ လေကြောင်းခရီးဖြင့် ပြန်လာသူများ ကိုသာစောင့်ကြည့်စခန်း(Qurantine Center)များ၌ထားရသည့် ပိုးတွေ့လူနာ အရေအတွက်မှာလည်း များပြားမှုမရှိ သည့်အလျောက် ဆေးရုံဆေးခန်းနှင့် နေရာထိုင်ခင်းအခက်အခဲများမှာ ကြီးကြီး မားမားမရှိလှပေ၊ ဆရာဝန်၊ သူနာပြုနှင့် ကျန်မာရေးဝန်ထမ်းများမှာ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခုကိုဗစ်ဒုတိယ လှိုင်းအဖြစ် ပြန်လည်ခေါင်းထောင်လာ ချိန်တွင် ရောဂါပိုးတွေ့လူနာများ တိုး ပွားလာသည့်အပြင် ယင်းတို့နှင့် ထိတွေ့ သူများပြားလာခြင်း၊ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်သူများ အလုံးအရင်း    ဖြင့်ပြန်လာခြင်းတို့ကြောင့် ကုသဆောင်  နှင့် စောင့်ကြည့်စခန်းများ မလုံလောက် မှုများဖြင့် တွေ့ကြုံနေကြရကြောင်း သိရ သည်။ ကာလရှည်ကြာလာသည်နှင့်အမျှ ဆေးဝန်ထမ်းများ၊ လူမှုအခြေပြု အဖွဲ့ အစည်းများနှင့် စေတနာ့ဝန်ထမ်းများမှာ ခြေကုန်လက်ပန်းဖြစ်ကာ မနိုင်ဝန်ထမ်း နေရသည့် အနေအထားသို့ ရောက်ရှိနေ သည်။ ယင်းတို့ကိုယ်တိုင်ရောဂါကူး စက်မှုဒဏ်ကို ခံလာကြရပြီး ကိုဗစ်၏ သားကောင်များဘဝ ရောက်ရှိနေရသည့် သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြား သိနေရသည်။ စေတနာ့ဝန်ထမ်း ပရဟိတအင်အားစုများအတွက် ကျန်းမာ ရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လုံလောက်မှုမရှိသည့် သတင်းများကို လည်း သိရှိရသည်။

ပိုးတွေ့လူနာနှင့် စောင့်ကြည့်လူနာ များ တိုးပွားလာမှုကြောင့် ထားရှိရန် နေရာသစ်များ ရှာဖွေနေရသည်။ ယာယီ အဆောင်များ ဆောက်လုပ်လျက်ရှိသည့် သတင်းများကို ကြားသိရသည်။ တစ်ချိန် တည်း၌ပင် တပ်မတော်အနေဖြင့် ကိုဗစ် ရောဂါကာကွယ်၊ တားဆီး၊ တုံ့ပြန်ရေး လုပ်ငန်းများ၌ ကျယ်ကျယ်ပြန့်ပြန့် ပါ ဝင်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရ သည်။ ဆေးရုံများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ အပါအဝင် တပ်မ တော်တစ်ရပ်လုံး၌ ကိုဗစ်ရောဂါနှင့် ဆက် နွှယ်သူ ၉၅၅ဝ ဦးအတွက် အသုံးပြုနိုင် ရန် အသင့်ပြင်ဆင်ထားရှိကြောင်း သိရ သည်။ ဓနအင်အားဖွံ့ဖြိုးသည့် နိုင်ငံ များ၌ပင် ရောဂါမပြင်းထန်သည့် ဝေဒနာ ရှင်များအား ယင်းတို့၏ နေအိမ်များ၌ နေထိုင်ပြီး ဆေးဝါးကုသပေးသည့် အစီ အစဉ်များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ရောဂါရှိသည်၊ မရှိသည်ကို ကွဲပြားစွာ ခွဲခြားနိုင်မှု မရှိသူများ တစ် နေရာတည်း၌ ရောနှောထားရှိခြင်းသည် မနိုင်ဝန်ကို ထမ်းရသကဲ့သို့  ဖြစ်နေ သည့်အပြင် ဆေးအတွက် ပို၍ လေးနိုင် သည့်အနေအထားသို့ ရောက်နိုင်၊မရောက် နိုင်ဆိုသည်မှာ အလေးအနက်ထား ထည့် သွင်းစဉ်းစားသင့်သည်ဟု သဘောရ ပေသည်။ 

ကိုဗစ်ဒုတိယလှိုင်းကြောင့် အခြေခံ ပညာအထက်တန်းကျောင်းများကိုပြန်ပိတ် ခဲ့ရသည်။ ဆက်လက်ဖွင့်လှစ်မည့် အစီ အစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ရသည်။  စျေးများနှင့် ကုန်တိုက်အချို့ကို ပိတ်ခဲ့ ရသည်။ စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်စားသောက်ခြင်းအစား ပါဆယ် စနစ်ဖြင့်သာရောင်းချစေခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်အရောင်းအဝယ် စခန်းများ ပိတ် ထားရသဖြင့် ကူးသန်းရောင်းဝယ်မှု လုပ် ငန်းများ ထိခိုက်ရသည်။ စီးပွားရေးကျ ဆင်းမှုကို ပိုမိုဖြစ်ပေါ်စေသည်။ ပြည်သူ များအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စ ရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှ အပ ပြည်တွင်းခရီးသွားလာခြင်း မပြုကြ ရန် ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော် မတီမှ အသိပေးပန်ကြားချက်နှင့် ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ ကန့်သတ်တားမြစ်ချက်များကြောင့် ခရီး သွားလာမှုများမှာ မရှိသလောက် နည်း ပါးသွားခဲ့သည်။ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သည့် လုပ်ငန်းအားလုံး ထိ ခိုက်နစ်နာမှုများ ရှိခဲ့သည်။

ကိုဗစ် ကပ်ရောဂါကိုအကြောင်းပြု ၍ ဘုရားကျောင်းကန် စေတီပုထိုးများသို့ သွားရောက်ဖူးမြော်ခြင်း၊ လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲများကျင်းပခြင်း၊ ဆုတောင်း ပွဲများကျင်းပခြင်း စသည်တို့ကိုရပ်နား ထားကြရသည်။ ထိုကဲ့သို့ ရပ်နားထားရ မှုကြောင့် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲ များရှိလာကြသည့်အပြင် ရဟန်းသံဃာ၊ သီလရှင်များအတွက် ဆွမ်း၊ ဆေး စသည်တို့၌ အခက်အခဲများရှိလာကြ ကြောင်း သိရှိရသည်။ ဘုန်းကြီးကျောင်း များ၊ ဘုရားကျောင်းများနှင့်ဗလီများ၌ ရက်သတ္တပတ်လျှင် တစ်ရက်၊ တစ်လ လျှင်လေးချိန် သီတင်းသီလဆောက် တည်ခွင့် ဆုတောင်းပွဲများ ကျင်းပခွင့် တို့ကို စည်းကမ်းချက်များဖြင့် ခွင့်ပြုခဲ့ သဖြင့် အထိုက်အလျောက် အဆင်ပြေခဲ့ ကြောင်း သိရှိရသည်။ သို့ရာတွင် အဆိုပါ ခွင့်ပြုချက်များကို တိုင်းဒေသကြီး အစိုးရ အချို့က ပြန်လည်ပိတ်ပင်ခဲ့သဖြင့် ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စများအတွက် သင့်တော် သည့် အစီအမံများဆောင်ရွက်ပေးရန်လို အပ်မည်ဖြစ်ပေသည်။

ကိုဗစ်ရောဂါနှင့် စပ်လျဉ်း၍ ကိုင် တွယ်ဆောင်ရွက်ရာတွင် ဗဟိုနှင့်ဒေသ ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ အကြား၊ ဝန်ကြီးဌာနအချင်းချင်းနှင့် အစိုးရနှင့်လူထုအခြေပြုအဖွဲ့အစည်းများ အကြား အချိတ်အဆက်မိမိ ဆောင်ရွက် ကြရန်လိုသည်။ စနစ်တကျ ကြပ်မတ် ကွပ်ကဲကြရန်လိုသည်။ ကိုဗစ်ကပ်ရောဂါ ကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရ သည့် ပြည်သူများအား ရေနစ်သူ၊ ဝါးကူ ထိုးသကဲ့သို့ မဖြစ်စေရန်နှင့် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းသည့် အဖြစ်မျိုးသို့ မရောက်စေရန် သတိတရားလက်ကိုင် ထား၍ ဆောင်ရွက်ကြရန်လိုသည်။ ရုံး တစ်ရုံး၊ ဓားတစ်စင်းမဖြစ်ကြဖို့လိုသည်။ ကိုဗစ်ရောဂါနှင့်စပ်လျဉ်း၍ ပိုးတွေ့လူနာ၊ စောင့်ကြည့်လူနာနှင့် ပြည်သူတို့လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းနှင့်လမ်းညွှန် ချက်များကို သက်ဆိုင်ရာများက အမိန့် ညွှန်ကြားချက်များထုတ်ပြန်ထားပြီးဖြစ် သည်။ သို့ရာတွင် အချို့ဒေသများတွင် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ၊ လမ်းများကိုပိတ် ဆို့ခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ အခြေခံ ဥပဒေကတားမြစ်ထားသည့် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် လုပ်ဆောင်ချက်များ သည် ဆေးအတွက်ပို၍ လေးစေနိုင်သည့် အနေအထားမျိုးသို့ ရောက်ရှိသွားစေနိုင် သည်။ ဆင်ခြင်သတိပြုကြဖို့လိုသည်။

လူသားတစ်ယောက်ရှင်သန်ရပ်တည် နိုင်ရေးအတွက် စား၊ ဝတ်၊ နေရေး တည်းဟူသော အရေးသုံးပါး ပြည့်စုံရန် လိုအပ်သည်။ ယင်းတို့အနက် စားသောက် ရေးဆိုင်ရာ လိုအပ်ချက်များမှာ ပိုမိုအရေး ပါသည်ဟူသော အချက်ကို မည်သူမျှ ငြင်းနိုင်ကြမည်မဟုတ်ပေ။ ကိုဗစ်ရောဂါ ကြောင့် ဝင်ငွေများကျဆင်းနေချိန်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုပေမည်။ စျေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးသည့် မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်း တည်ငြိမ် ရေးအတွက်  အခါခပ်သိမ်းအမိန့်အာဏာ ညွှန်ကြားချက်များဖြင့် ဆောင်ရွက်၍ ရမည်မဟုတ်။ စျေးကွက်၏ နိယာမ သဘောအရထုတ်လုပ်မှုနှင့် စားသုံးမှုမျှ ခြေရှိရန် လိုအပ်ပေသည်။ ကုန်ပစ္စည်း ထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်သို့ ရောက်ရှိသည်အထိ ထုတ်လုပ်၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ချိမှုလုပ်ငန်း အဆင့်ဆင့် တို့၌ အဆင်ပြေချောမွေ့မှုရှိရန်လိုသည်။ ထို့ကြောင့်ပင် ကပ်ရောဂါကြောင့် ဖြစ် ပေါ်လာသည့် ဟာကွက်ကို ဖြည့်ဆည်း ပေးသည့်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် သက်ဆိုင်ရာ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများက အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန်လိုသည်။

ကမ္ဘာတွင် ကိုဗစ်ရောဂါ ကူးစက်မှု နှင့် သေဆုံးမှုမှာ ရပ်တန့်မသွားဘဲ အရှိန် အဟုန် မြင့်မားလျက်ရှိသည်။ အလားတူ မြန်မာနိုင်ငံ၌လည်း ကျဆင်းမှု မရှိသေး ပေ။ ရွေးကောက်ပွဲကာလအတွင်း ဆရာ ဆရာမများ၊ မဲရုံတာဝန်ကျသူများ၊ ကော် မရှင်အဖွဲ့ဝင်များ၌ ရောဂါကူးစက်ခံရသူ များရှိခဲ့သည့်အပြင် လူစုလူဝေးများ စည်း မဲ့ကမ်းမဲ့ လုပ်ဆောင်ခဲ့မှုတို့ကြောင့် ရောဂါ ပြန့်ပွားမှုမှာ ဆက်လက်မြင့်မားနေလိမ့်ဦး မည်ဟု ပညာရှင်များကခန့်မှန်းကြသည်။ ကပ်ရောဂါ၏ဒဏ်ကို ပြည်သူများ ခါး စည်းခံခဲ့ကြရသည်မှာ ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ် ရောဂါသည် လူတစ်ဦး တစ်ယောက်၏ ရန်သူမဟုတ်၊ တစ်မျိုးသားလုံး၏ ရန်သူ ဖြစ်သည်။ အဆိုပါကပ်ရောဂါသည် လူမျိုးဘာသာမခွဲခြား၊ အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမဟူ လူ သားအားလုံးကို အန္တရာယ်ပြုခြိမ်းခြောက် လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အကြီးမားဆုံး ရန် သူဖြစ်သည့်ကြောက်မက်ဖွယ်ရာ ရန်သူ ကြီးအား တစ်ဦးတစ်ယောက်ကောင်း ဝါဒ၊ သူရဲကောင်းဝါဒဖြင့် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏စွမ်းအားဖြင့် အတူ တကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကိုဗစ် ၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားမည်ဖြစ်ကြောင်းတင်ပြ လိုက်ရပေသည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု