တောင်းပန်သောဓလေ့သည် လူ့ဓလေ့ဖြစ်၏။ လူ့စရိုက်ဖြစ်၏။ မှားယွင်းသူ၊ အပြစ်ကျူးလွန်သူက မိမိမှားယွင်းကြောင်း၊ အပြစ်ရှိကြောင်း၊ အပြစ်ကျူးလွန်မိပါကြောင်း၊ ဝန်ခံတောင်းပန်သည်အခါ အကျူးလွန်ခံရသူတို့က ခွင့်လွှတ်တတ်ကြပေ၏။ အထူးသဖြင့် မိဘ၊ ဆရာသမားတို့သည် ဝန်ချတောင်းပန်သည့် တပည့်သားမြေးတို့အပေါ် အစဉ်သဖြင့် ခွင့်လွှတ်ကြစမြဲ ဖြစ်ချေသည်။
ဆရာငြိမ်းကျော် မကွယ်လွန်မီက အဖြစ်အပျက်တစ်ခုကို ကျွန်တော် သတိတရ လွမ်းဆွတ်မိပါသည်။ စာအုပ်ထုတ်ဝေသော ကျွန်တော့် သူငယ်ချင်းတစ်ဦးသည် ဆရာငြိမ်းကျော်၏ ထွက်ရှိပြီးသော ဝတ္ထုစာအုပ်တစ်အုပ်ကို ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေခွင့်ရခဲ့၏။ အခြားစာပေတိုက်မှ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေဖြန့်ချိပြီးသား ဝတ္ထုစာအုပ်ကို ကျွန်တော့်သူငယ်ချင်းက ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေခွင့်ရခြင်းဖြစ်သည်။
ထိုဝတ္ထုစာအုပ်၏မျက်နှာဖုံးတွင် ကျွန်တော့်သူငယ်ချင်း ထုတ်ဝေသူက ''အသစ်စက်စက်လုံးချင်းဝတ္ထု''ဟု ရေးထိုးထုတ်ဝေ ဖြန့်ချိလိုက်လေ၏။ ဒုတိယအကြိမ်ထုတ်ဝေသည့် စာအုပ်ဖြစ်သော်လည်း ''အသစ်စက်စက် လုံးချင်းဝတ္ထု''ဟု ရေးထိုးထုတ်ဝေလိုက်ခြင်းကြောင့်၊ ထိုစာအုပ်သည် တကယ့်စာအုပ်အသစ်ကဲ့သို့ အုပ်ရေများစွာ ရောင်းရလေ၏။ စာအုပ်ထွက်ပြီး တစ်လလောက်အတွင်းမှာပင် အဟောင်းကို အသစ်ဟု လိမ်လည်ထုတ်ဝေသည်ဆိုသော စာဖတ်ပရိသတ်တို့၏ ဝေဖန်ပြစ်တင်သံတို့ကို နားလျှံအောင် ကြားရလေတော့သည်။
ဝတ္ထုရေးသားသူ ဆရာငြိမ်းကျော် ကိုယ်တိုင်ပင်လျှင် စာဖတ်သူတို့၏ အမေးအမြန်း အထင်အမြင်လွဲသည်ကို များစွာခံလိုက်ရသည်။ ထုတ်ဝေသူ (စာပေတိုက်)ကိုလည်း အပြစ်ဖို့သံတွေ တသဲသဲ။ ထိုသူငယ်ချင်းသည် ထိုပြစ်မှုဖြင့် ဆရာငြိမ်းကျော်ကို မျက်နှာချင်းပင် မဆိုင်ရဲတော့ချေ။ ထို့ပြင် ဆရာငြိမ်းကျော် ကိုယ်တိုင်ကလည်း ''နောက်မဆက်ဆံရုံ ရှိတော့တာပေါ့''ဟုပြောလေ၏။ ဒေါသတကြီး အပြစ်ဖို့စကား အပိုမဆို။
ထိုအခြေအနေ၊ ထိုအဖြစ်အပျက်၊ ထိုကာလမှ တစ်နှစ်ကျော်လောက် ကြာလေသော် အဆိုပါ ကျွန်တော့်သူငယ်ချင်း ထုတ်ဝေသူက... ''ငါ ... ဆရာ့ကို တောင်းပန်ချင်တယ်ကွာ''ဟု စကားဆို၏။ ကျွန်တော်က .... ''အေး... အခု တန်ဆောင်မုန်းလပြည့်တော့မှာဆိုတော့။ လပြည့်နေ့ ကန်တော့ရင်းနဲ့ တောင်းပန်လိုက်ပေါ့'' လာရောက်ကန်တော့တောင်းပန်ခွင့်ပြုပါရန် ဆရာ့ထံသို့ ကျွန်တော် စကားပို့ဆောင်ရသည်။
ပထမ တစ်ကြိမ်တည်းနှင့် ဆရာက ခွင့်ပြုပါကြောင်း၊ စကားဦးမသန်း။ ''ဆရာ စိတ်ဆိုးနေတယ်ထင်ပြီး သူတစ်ယောက်တည်း မလာရဲဘူးတဲ့ဆရာ။ ဆရာခွင့်မလွှတ်မချင်း သူ ဘာအစီးအပွားမှ လုပ်လို့အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း ညည်းတယ်ဆရာ'' ကျွန်တော်၏ မဝံ့မရဲ စကားပလ္လင်တန်ဆာဆင်တို့ကြောင့် ဆရာက...
''လူကြီးက လူငယ်ကို စိတ်ဆိုးစရာလားကွ။ ဒီကောင် နောက်တစ်ခါ ထပ်ကျူးလွန်မှာစိုးတာရယ်၊ စာဖတ်ပရိသတ်ကို အားနာနေမိတာရယ်ပဲ၊ ငါ့စိတ်ထဲရှိတာ'' ဤသို့ ထိုသို့ဖြင့် ကျွန်တော့်သူငယ်ချင်းထုတ်ဝေသူ၏ ကန်တော့တောင်းပန်ခြင်းကို ဆရာငြိမ်းကျော် လက်ခံလိုက်ရလေတော့၏။ သူနှင့်အတူ ကျွန်တော်ပါ ဆရာ့ကိုရော၍ ရှိခိုးကန်တော့ ဖြစ်လေသည်။ ၎င်းက ....
''သီတင်းကျွတ်ကတည်းက လာချင်တာပါဆရာ။ ကျွန်တော် မျက်နှာပူလွန်းလို့။ ပြီးတော့ ဘယ်လို တောင်းပန်စကားပြောရမှန်းကို မသိတော့လောက်အောင်ပါပဲ ဆရာ။ အလုပ်ကိစ္စအမှားရော၊ ကာယ၊ ဝစီ၊ မနော သုံးပါးနဲ့ ပြစ်မှားမိတာများရှိခဲ့ရင်ရော တပည့်သားမြေးလို သဘောထားပြီး ခွင့်လွှတ်ပေးပါ ဆရာ'' ပြောပြီး ရှိခိုးကန်တော့လေ၏။
''ကိုယ့်တပည့်သားမြေးပဲ။ ခွင့်မလွှတ်စရာ မရှိပါဘူးကွာ။ နောက်ပြီး လူငယ်က လူကြီးကို တောင်းပန်တာပဲ။ လူကြီးက ခွင့်လွှတ်ရတာပေါ့''ဟု ပြုံးလျက် ပြော၏။ ဆေးပေါ့လိပ်၊ ရေနွေးကြမ်း၊ စားဖွယ်သောက်ဖွယ်ရာတို့ဖြင့် ဆရာက တည်ခင်းသည်။ အတန်ကြာသောအခါ ကျွန်တော့်သူငယ်ချင်းကို တစ်ချက်မျှသာကြည့်သည်။ ပြီးမှ ကျွန်တော့်ကို မျက်နှာမူလျက်...
''ဟိုးတုန်းက ဒေါ်သြဘာသောင်းဆိုတဲ့ အငြိမ့်မင်းသမီးတစ်လက် ရှိတယ်ကွ။ သူ့ခုနစ်လွှာအက,က နာမည်ကြီးပဲ။ ခုနစ်လွှာအက ကတော့မယ်ဆို အငြိမ့်စင်နံဘေးမှာ ကာလသားတွေ တိုးမပေါက်ဘဲ''
''ခုနစ်လွှာအကဆိုတာ ဘယ်လိုမျိုးလဲဆရာ''
''အလွယ်ပြောရရင် ကချိုးတစ်ချိုးပြီးရင် ထဘီတစ်လွှာ ခွာချပစ်လိုက်တာပေါ့ကွာ။ အဲဒီလို တစ်လွှာကွာကျလိုက်တိုင်း ဒေါ်သြဘာသောင်းရဲ့ ခြေသလုံးသားလေး ဖွေးခနဲ ဖွေးခနဲကို ကာလသားတွေက ငမ်းကြတာပေါ့''
''ခုနစ်လွှာစလုံးခွာချတော့ ဘယ်လိုပုံ ဖြစ်သွားသလဲဆရာ''ဟု ကျွန်တော်မေး၏။ ဆရာက...
''အကပညာပြချင်လို့ ထဘီခုနစ်လွှာခွာတယ်လို့ ဆိုတာပါကွာ။ ခြေသလုံးသားလေး ဖွေးခနဲပေါ်ရုံကလွှဲပြီး တခြား ကာယိန္ဒြေမယွင်းပါဘူး''
''သြော်...'' ဆရာက ကျွန်တော့်ကို ကြည့်လျက်သာ စကားဆက်၏။ ကျွန်တော့် သူငယ်ချင်းကလည်း သေသေချာချာ နားထောင်နေပေသည်။
''တစ်ညကျတော့ ဒေါ်သြဘာသောင်း ခုနစ်လွှာအက ကတော့ ပထမတစ်လွှာ ခွာချပြီးပြီးချင်း ခြေသလုံးသားလေး ဖွေးခနဲပေါ်ပြီးပြီးချင်း လူရွှင်တော်က...ဒေါ်သြဘာသောင်းကတဲ့ တည့်တည့်မှာ ထိုင်ပြီးကန်တော့ပါလေရော။ အကရပ်ပြီး။ 'ဟဲ့... ငါ့မောင်။ ဘာလို့ ကန်တော့တာတုန်း' ဒေါ်သြဘာသောင်း မေးတာပေါ့။
ဟဲ့... ဘာဖြစ်ပြန်တာတုန်း မင်းသမီးက မေး။ ပစ်မှားမိပြန်ပြီ အစ်မရယ်။ ဝန်ခံတောင်းပန်ရှိခိုး။ မင်းသမီး ခွင့်လွှတ်ပါတယ် ငါ့မောင်ရယ် ပြောပြီး ခွင့်လွှတ်။ အက နောက်တစ်ချိုးပြောင်း။ လူရွှင်တော်က တစ်ခါလာပြီး ဦးချပြန်ရော။ ထပ်ပြီး ပြစ်မှားမိပြန်ပြီဆိုပြီး ဝန်ခံ။ မင်းသမီးက ခွင့်လွှတ်။ အဲဒီတစ်ညလုံး ဒေါ်သြဘာသောင်း ကောင်းကောင်း မကလိုက်ရဘူး။ လူရွှင်တော်က ခဏခဏ ပြစ်မှားလိုက်၊ ခဏခဏ တောင်းပန်လိုက်နဲ့။ တစ်ညလုံးကို ပြစ်မှားနေတော့တာပဲ။ အမှန်က ပရိသတ်ရယ်အောင် ပြက်လုံးလုပ်တာပေါ့ကွာ။ အခု ကန်တော့ကြ၊ တောင်းပန်ကြ၊ ခွင့်လွှတ်ကြရတာဟာလည်း အဲဒီ ပြက်လုံးထဲကလိုတော့ မဖြစ်စေချင်ဘူး''
စကားအဆုံးကျမှ ဆရာက ကျွန်တော့်သူငယ်ချင်းကို ကြည့်လေ၏။ တောင်းပန်ခြင်းသည် လူ့ဓလေ့၊ လူ့စရိုက်ဖြစ်ပါသော်လည်း ဆရာငြိမ်းကျော်၏ အထက်ပါစကားပမာကို ကြားနာဖူးခဲ့သည့်နေ့မှစကာ မည်သူ့ကိုမျှ မတောင်းပန်ရအောင် ကျွန်တော် ကြိုးစားနေထိုင်ခဲ့ရသည်။ ခဏခဏ တောင်းပန်ရမည်ကို ပို၍ပင်စိုးရွံ့၏။ ။
Source- https://myanmar.mmtimes.com/news/147024.html
Comments
Post a Comment